Connect with us

အင်ဒိုနီးရှားရှိ ဘုရားကျောင်းတစ်ခုမှာ ဓားကိုင်အမျိုးသားက တိုက်ခိုက်မှုဖြစ်

Myanmar News

အင်ဒိုနီးရှားရှိ ဘုရားကျောင်းတစ်ခုမှာ ဓားကိုင်အမျိုးသားက တိုက်ခိုက်မှုဖြစ်

အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းရှိ Yogyakarta မြို့မှာ အမျိုးသားတစ်ဦးက ခရစ်ယာန်ဘုရားကျောင်းသို့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲ တက်ရောက်နေသူတွေကို ဓားဖြင့်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး အဆိုပါ အမျိုးသားကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ယနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုအတွင်း ဓားကိုင်အမျိုးသားက ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနဲ့ ရဲရာရှိတစ်ဦး အပါအဝင် အခြားသုံးဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓားဖြင့်အထိုးခံသူတွေရဲ့ အခြေအနေကို လတ်တလော မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဓားဖြင့်တိုက်ခိုက်သူရဲ့ ဝမ်းဗိုက်ပိုင်းကို ပစ်ခတ်ခဲ့ပြီး ၎င်းကို ဆေးရုံမှာ ကုသမှုခံယူနေကြောင်း သိရပါတယ်။ ဓားဖြင့်တိုက်ခိုက်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်ခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ခရစ်ယာန်ဘုရားကျောင်းမှာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းရန် လူ ၁၀၀ ခန်း စုဝေးရောက်ရှိနေစဉ် အမျိုးသားတစ်ဦးက သုံးပေကျော်ရှည်တဲ့ ဓားတစ်လက်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ စတင်ခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာ ဓားဖြင့်တိုက်ခိုက်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ခရစ်ယာန်ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ အန်ဒ်ဟီ ကာရိုက ပြောပါတယ်။

“အားလုံး ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားခဲ့ကြတယ်၊ ကျွန်တော်လည်း ဇနီးနဲ့ကလေးတွေကို ဘေးလွတ်အောင် တိုးဝှေ့ပြေးခဲ့ရတယ်” လို့ ၎င်းက ဆိုပါတယ်။ ဘုရားကျောင်းအတွင်း ရှိနေသူတွေဟာ နောက်ထပ် တံခါးပေါက်တစ်ခုကနေ ထွက်ပြေးခဲ့ကြပြီး ဓားသမားက ၎င်းတို့နောက်ကို ပြေးလိုက်ခဲ့ကြောင်းနဲ့ ဘုရားကျောင်းအတွင်းရှိ ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။

ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားတဲ့ ဘုရားကျောင်းကို ရဲတပ်ဖွဲ့က အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ဓားကိုင်ထားသူကို လက်နက်ချ အဖမ်းမခံပါက ပစ်ခတ်မယ်လို့ သတိပေးခဲ့ပါတယ်။ “ရဲတပ်ဖွဲ့က အရင်ဆုံး သတိပေးပစ်ခတ်ခဲ့တယ်၊ အဲဒီလူက ရဲအရာရှိဆီကို ဓားကိုင်ပြီး ဦးတည်လာခဲ့တယ်၊ နောက်တော့ ရဲအရာရှိက သူ့ရဲ့ ဝမ်းဗိုက်နေရာကို ပစ်ခတ်ခဲ့တယ်” လို့ ဘရားကျောင်းမှ တာဝန်ရှိသူ ကာရိုက ပြောပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူအားလုံးကို Panti Rapih ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

Credit: Duwun

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

More in Myanmar News

To Top